ဆာလံကျမ်း 10
1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်အဝေး၌ နေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့ဒုက္ခရောက်ချိန်၌အဘယ် ကြောင့် မျက်နှာတော်ကိုလွှဲတော်မူပါသနည်း။ 2သူယုတ်မာတို့သည်မာနထောင်လွှားလျက် ဆင်းရဲသူတို့အားနှိပ်စက်ညှဉ်းပန်းကြ၏။ မိမိတို့ထောင်ထားသောကျော့ကွင်းများတွင် ပြန်၍မိစေတော်မူပါ။ 3သူယုတ်မာသည်မိမိ၏ဆိုးညစ်သော အလိုဆန္ဒများအကြောင်းကိုကြွားဝါတတ်၏။ လောဘကြီးသူသည်ထာဝရဘုရားကို ကျိန်ဆဲပစ်ပယ်တတ်၏။ 4သူယုတ်မာသည်ထာဝရဘုရားကိုဂရုမစိုက်တတ်။ သူသည်မာနထောင်လွှားလျက်ဘုရားသခင်မရှိဟု အစဉ်ယူဆတတ်၏။ 5သူယုတ်မာသည်ပြုလေသမျှသောအမှုတို့တွင် အောင်မြင်တတ်သဖြင့် ဘုရားသခင်စီရင်ဆုံးဖြတ်တော်မူသောအမှု တို့ကို သိမြင်နားလည်နိုင်စွမ်းမရှိ။ ရန်သူများကိုလည်းပြက်ရယ်ပြုတတ်၏။ 6``ငါသည်အဘယ်အခါမျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။ အဘယ်အခါမျှဒုက္ခရောက်ရလိမ့်မည် မဟုတ်'' ဟု တစ်ကိုယ်တည်းပြောဆိုနေတတ်၏။ 7သူ၏နှုတ်သည်ကျိန်ဆဲခြင်း၊လိမ်လည်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဖြင့်ပြည့်ဝ၏။ မုန်းတီးသောစကား၊ယုတ်မာသောစကားကို အလျင်အမြန်ပြောဆိုတတ်၏။ 8သူသည်ရွာများတွင်ပုန်းအောင်းကာ အပြစ်မဲ့သူများကိုသတ်ဖြတ်တတ်၏။ ခိုကိုးရာမဲ့သူများကိုချောင်းမြောင်းနေတတ်၏။ 9သူသည်သားကောင်ကိုဖမ်းဆီးရန်သားရဲတွင်း၌ ချောင်းမြောင်းနေသောခြင်္သေ့ကဲ့သို့ဝပ်၍နေ တတ်၏။ သူသည်ဆင်းရဲသူများကိုချောင်းမြောင်း၍ မိမိပိုက်ကွန်တွင်ဖမ်းဆီးပြီးလျှင်ဆွဲယူ သွားတတ်၏။ 10သူ၏ရက်စက်သောခွန်အားဖြင့်ခိုကိုးရာမဲ့ သူတို့ကို ပြိုလဲစေ၏။ 11သူယုတ်မာက``ဘုရားသခင်သည်ဤအမှုတွင် ဂရုစိုက်တော်မမူ။ ကိုယ်တော်သည်မျက်စိကိုမှိတ်၍ထားတော် မူပြီ။ ငါ့ကိုအဘယ်အခါမျှမြင်တော်မူလိမ့်မည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုတတ်၏။ 12အို ထာဝရဘုရား၊ ထတော်မူပါ။ အို ဘုရားသခင်၊ ထိုယုတ်မာသူတို့ကိုဒဏ်ခတ်တော်မူပါ။ ဆင်းရဲဒုက္ခခံရသူတို့ကိုမေ့လျော့တော်မမူပါနှင့်။ 13သူယုတ်မာသည်အဘယ်သို့လျှင်ထာဝရဘုရားကို မထီမဲ့မြင်ပြု၍ ``ကိုယ်တော်သည်ငါ့ကိုအပြစ်ဒဏ်ပေးတော်မူမည် မဟုတ်'' ဟု တစ်ကိုယ်တည်းပြောဆိုနိုင်ပါသနည်း။ 14သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကို အမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။ 15ယုတ်မာသူနှင့်ဆိုးညစ်သူတို့၏လက်ရုံးကို ချိုးတော်မူပါ။ ထိုသူတို့သည်ဒုစရိုက်ကိုမပြုတော့သည့်တိုင် အောင် အပြစ်ဒဏ်ခတ်တော်မူပါ။ 16ထာဝရဘုရားသည်ကာလအစဉ်အဆက် ဘုရင်ဖြစ်တော်မူ၏။ အခြားသောဘုရားများကိုကိုးကွယ်သူတို့သည် ပြည်တော်မှပျောက်ကွယ်သွားကြလိမ့်မည်။ 17အို ထာဝရဘုရား၊ ကိုယ်တော်သည်စိတ်နှိမ့်ချသူတို့၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူလျက် သူတို့အားရဲစွမ်းသတ္တိကိုပေးတော်မူလိမ့် မည်။ 18ဖိစီးနှိပ်စက်ခြင်းခံရသူများနှင့် မိဘမဲ့သူများအား နောက်တစ်ဖန်မခြောက်မလှန့်နိုင်စိမ့်သောငှာ ကိုယ်တော်ရှင်သည်ထိုသူတို့၏ဟစ်အော်သံကို ကြားတော်မူ၍ သူတို့၏အကျိုးကိုထောက်လျက်တရားစီရင် တော်မူလိမ့်မည်။