ဆာလံကျမ်း 113
1ထာဝရဘုရားအားထောမနာပြုကြလော့။ အချင်းထာဝရဘုရား၏အစေခံတို့၊ ကိုယ်တော်၏နာမတော်အားထောမနာ ပြုကြလော့။ 2ကိုယ်တော်၏နာမတော်အားယခုမှစ၍ ကာလအစဉ်အဆက်ထောမနာပြုကြ ပါစေသော။ 3နေထွက်ရာအရပ်မှနေဝင်ရာအရပ်သို့ တိုင်အောင် ထာဝရဘုရား၏နာမတော်အားထောမနာ ပြုကြ ပါစေသတည်း။ 4ထာဝရဘုရားသည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်အထက်ထွန်းတောက်တော်မူ၏။ 5ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် နှိုင်းယှဉ်နိုင်သူတစ်စုံတစ်ယောက်မျှမရှိ။ ကိုယ်တော်သည်အထက်ဘဝဂ်တွင်စံနေ တော်မူ၏။ 6သို့ရာတွင်မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ငုံ့ကြည့်တော်မူ၏။ 7ဆင်းရဲသူတို့ကိုမြေမှုန့်ထဲကချီးမြှင့်၍ နွမ်းပါးသူတို့ကိုအမှိုက်ပုံထဲက ချီးမြှောက်တော်မူ၏။ 8ထိုနောက်မင်းသားများဖြစ်ကြသော၊ကိုယ် တော်၏ လူစုတော်ကိုအုပ်စိုးသောမင်းသားများနှင့် အတူ သွားလာပေါင်းဖော်ခွင့်ကိုပေးတော်မူ၏။ 9ကိုယ်တော်သည်မြုံသောအိမ်ရှင်မအား ချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။