ဆာလံကျမ်း 126
1ငါတို့အားဇိအုန်မြို့သို့ ထာဝရဘုရားပြန်လည်ခေါ်ဆောင်သည်မှာ အိပ်မက်ကဲ့သို့ဖြစ်ပါ၏။ 2ငါတို့သည်များစွာရယ်မောကြရလျက် ပျော်ရွှင်စွာသီချင်းဆိုကြရ၏။ ထိုအခါအခြားလူမျိုးတို့က ``ထာဝရဘုရားသည်ဤသူတို့အတွက် ကြီးမြတ်သောအမှုတို့ကိုပြုတော်မူပါသည် တကား'' ဟုဆိုကြ၏။ 3ကိုယ်တော်သည်အမှန်ပင်ငါတို့အတွက် ကြီးမြတ်သောအမှုကိုပြုတော်မူပြီ။ ငါတို့သည်အလွန်ရွှင်လန်းဝမ်းမြောက်ခဲ့ ကြ ပါသည်တကား။ 4အို ထာဝရဘုရား၊ မိုးရေသည်ခြောက်သွေ့သည့်ချောင်းများကို ရေဖြင့်တစ်ဖန်ပြည့်စေသကဲ့သို့ ကျွန်တော်မျိုးတို့ကိုတစ်ဖန်ကြီးပွားတိုးတက် စေတော်မူပါ။ 5မျက်ရည်ကျလျက်စိုက်ပျိုးကြရသူတို့အား ဝမ်းမြောက်စွာသီးနှံများရိတ်သိမ်းရသော အခွင့်ကိုပေးတော်မူပါ။ 6မျက်ရည်ကျလျက်မျိုးစေ့များကို ယူဆောင်သွားကြသူတို့သည် သီးနှံများကိုသယ်ဆောင်ကာဝမ်းမြောက်စွာ သီချင်းဆို၍ပြန်လာကြလိမ့်မည်။