ဆာလံကျမ်း 135
1ထာဝရဘုရားကိုထောမနာပြုကြလော့။ ထာဝရဘုရား၏အစေခံသူ၊ထာဝရ ဘုရား၏ အိမ်တော်တည်းဟူသော ငါတို့ဘုရား၏ဗိမာန်တော်တွင်ရပ်နေသူတို့ နာမတော်အားထောမနာပြုကြလော့။ 3ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကိုယ်တော်အားထောမနာပြုကြလော့။ ကိုယ်တော်သည်သနားကြင်နာတော်မူသည် ဖြစ်၍ နာမတော်အားထောမနာသီချင်းဆိုကြလော့။ 4ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။ 5ငါတို့၏ထာဝရဘုရားသည်ကြီးမြတ် တော်မူကြောင်းကိုငါသိ၏။ ကိုယ်တော်သည်ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူ၏။ 6ကိုယ်တော်သည်ကောင်းကင်နှင့်ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့်ပင်လယ်အောက်နက်ရှိုင်းရာ အရပ်တို့၌လည်းကောင်း အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။ 7ကမ္ဘာမြေကြီးစွန်းမှမိုးတိမ်တို့ကိုတက်စေ တော်မူ၍ မိုးသက်မုန်တိုင်းများအတွက်လျှပ်စစ်လျှပ် နွယ်တို့ကို ဖန်ဆင်းတော်မူ၏။ လေကိုလည်းမိမိ၏လှောင်တိုက်တော်ထဲက ထုတ်ဆောင်လာတော်မူ၏။ 8အီဂျစ်ပြည်တွင်လူနှင့်တိရစ္ဆာန်သားဦးရှိ သမျှကို သေဒဏ်ခတ်တော်မူ၏။ 9ထိုပြည်တွင်ဖာရောဘုရင်နှင့် သူ၏အမှုထမ်းအပေါင်းတို့ကိုဒဏ်ခတ်တော် မူရန် ကိုယ်တော်သည်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့် အံ့သြဖွယ်အမှုတို့ကိုပြုတော်မူ၏။ 10များစွာသောတိုင်းနိုင်ငံတို့ကို ပြိုပျက်စေတော်မူ၍ဘုန်းကြီးသော ဘုရင်တို့ကိုကွပ်မျက်တော်မူ၏။ 11အာမောရိဘုရင်ရှိဟုန်မင်း၊ဗာရှန်ဘုရင် သြဃမင်းနှင့်ခါနာန်နိုင်ငံမှဘုရင်အပေါင်း တို့ကို ကွပ်မျက်တော်မူ၏။ 12သူတို့၏နယ်မြေများကိုမိမိ၏လူစုတော်အား ပေးတော်မူ၏။ ထိုနယ်မြေများကိုဣသရေလအမျိုးသား တို့အား ပေးတော်မူ၏။ 13အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားဖြစ်တော်မူကြောင်းကို လူတို့သည်အခါခပ်သိမ်းကြားသိကြပါ လိမ့်မည်။ ကိုယ်တော်၏နာမတော်သည်ကာလအစဉ် အဆက် ကျော်ကြားပါလိမ့်မည်။ 14ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကွယ်ကာတော်မူလိမ့်မည်။ မိမိ၏အစေခံတို့အားကရုဏာ ထားတော်မူလိမ့်မည်။ 15လူမျိုးတကာတို့ကိုးကွယ်ကြသည့်ရုပ်တု များသည် ရွှေငွေဖြင့်ပြီးကြ၏။ ယင်းတို့သည်လူတို့လက်ဖြင့်ပြုလုပ်သော အရာများဖြစ်ပေသည်။ 16ထိုရုပ်တုတို့သည်နှုတ်များရှိပါလျက် စကားမပြောနိုင်၊ မျက်စိများရှိပါလျက်မမြင်နိုင်။ 17သူတို့သည်နားများရှိပါလျက်မကြားနိုင်။ သူတို့၏ခံတွင်း၌လည်းထွက်သက်ဝင်သက်မရှိ။ 18ရုပ်တုများကိုပြုလုပ်သူတို့နှင့်ရုပ်တုကို ကိုးစားသူအပေါင်းတို့သည်မိမိတို့ပြု လုပ်သည့် ရုပ်တုများကဲ့သို့ဖြစ်ကြပါစေသော။ 19အို ဣသရေလအမျိုးသားတို့၊ထာဝရ ဘုရားအား ထောမနာပြုကြလော့။ ဘုရားသခင်၏ယဇ်ပုရောဟိတ်တို့၊ကိုယ်တော် အား ထောမနာပြုကြလော့။ 20လေဝိအနွယ်ဝင်တို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။ 21ဇိအုန်တောင်တော်ပေါ်တွင်လည်းကောင်း၊ ကိုယ်တော်ကိန်းဝပ်တော်မူရာ ယေရုရှလင်မြို့တွင်လည်းကောင်းကိုယ်တော် အား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။