ဆာလံကျမ်း 3
1ထာဝရဘုရား၊ ကျွန်တော်မျိုးတွင်ရန်သူများစွာရှိပါ၏။ ကျွန်တော်မျိုးတစ်ဘက်၌ထကြွသူများကြပါ၏။ 2သူတို့ကကိုယ်တော်သည်ကျွန်တော်မျိုးကို ကူမတော်မူလိမ့်မည်မဟုတ်ကြောင်း ပြောဆိုကြပါ၏။ 3သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ကျွန်တော်မျိုး အား ဘေးရန်များမှအစဉ်ကွယ်ကာတော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားအောင်ပွဲကို ပေးတော်မူလျက်ရဲစွမ်းသတ္တိနှင့်ပြန်လည် ပြည့်ဝစေတော်မူပါ၏။ 4ငါသည်ထာဝရဘုရား၏ထံတော်သို့ကူမ တော်မူရန် ဟစ်အော်တောင်းလျှောက်သည့်အခါ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်ရာတောင်ပေါ်မှ ငါ၏ဆုတောင်းပတ္ထနာသံကိုနားညောင်းတော်မူ၏။ 5ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ စောင့်ထိန်းတော်မူသောကြောင့်ငါသည်လဲလျောင်း အိပ်ပျော်ခွင့်ကိုရရှိ၏။ 6မိမိပတ်လည်တွင်ဝိုင်းရံလျက်ရှိသော ရန်သူထောင်သောင်းများစွာတို့ကို ငါသည်မကြောက်။ 7အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုးအား ကယ်တော်မူပါ။ ကိုယ်တော်သည်ကျွန်တော်မျိုး၏ရန်သူအပေါင်းတို့၏ ပါးရိုးကိုရိုက်၍သူတို့၏သွားကိုချိုးတော်မူ၏။ 8ထာဝရဘုရားသည်အောင်ပွဲကိုပေးပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏လူစုတော်အပေါ်သို့ ကောင်းချီးမင်္ဂလာသက်ရောက်ပါစေသော။