ဆာလံကျမ်း 67
1အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့ကိုသနားတော်မူ၍ ကောင်းချီးပေးတော်မူပါ။ ကရုဏာစိတ်နှင့်ကျွန်တော်မျိုးတို့အား ကြည့်တော်မူပါ။ 2သို့မှသာလျှင်ကမ္ဘာသူကမ္ဘာသားအပေါင်း တို့သည် ကိုယ်တော်ရှင်၏အလိုတော်ကိုသိရှိကြပါလိမ့်မည်။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကိုသိကြပါ လိမ့်မည်။ 3အို ဘုရားသခင်၊ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။ 4ကိုယ်တော်ရှင်သည်လူတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၍ လူမျိုးတကာတို့အားလမ်းပြပို့ဆောင်တော် မူသဖြင့် သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။ 5အို ဘုရားသခင်၊ လူမျိုးတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုပါစေသော။ 6မြေကြီးသည်အသီးအနှံများကိုဖြစ်ပွားစေပြီ။ ငါတို့၏ဘုရားသည်ငါတို့အား ကောင်းချီးပေးတော်မူပြီ။ 7ဘုရားသခင်သည်ငါတို့အားကောင်းချီး ပေးတော်မူပြီ။ ကမ္ဘာအရပ်ရပ်ရှိလူအပေါင်းတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြပါစေသော။