ဆာလံကျမ်း 89
1အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကိုအစဉ်သီချင်းဆို ပါမည်။ အခါခပ်သိမ်းကိုယ်တော်ရှင်၏သစ္စာတော်ကို ထုတ်ဖော်ကြေညာပါမည်။ 2ကိုယ်တော်ရှင်၏မေတ္တာတော်သည်ကာလအစဉ် တည်တော်မူ၍ သစ္စာတော်သည်လည်းမိုးကောင်းကင်ကဲ့သို့ ခိုင်မြဲတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။ 3ကိုယ်တော်ရှင်က``ငါရွေးကောက်သူနှင့်ငါသည် ပဋိညာဉ်ပြုပြီ။ ငါ၏အစေခံဒါဝိဒ်အား`သင်၏သားမြေးသည် ရှင်ဘုရင်အရာကိုအမြဲရလိမ့်မည်။ သင်၏မင်းမျိုးမင်းနွယ်သည်အဆက်မပြတ် ဖြစ်လိမ့်မည်' ဟု ငါကတိပေးပြီ'' ဟူ၍မိန့်တော်မူပါ၏။ 5ကောင်းကင်တို့သည်ကိုယ်တော်ရှင်ပြုတော်မူသော အံ့သြဖွယ်ရာများအကြောင်းကိုသီချင်းဆို ကြပါ၏။ အို ထာဝရဘုရား၊ သန့်ရှင်းသူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းကိုသီချင်းဆိုကြပါ၏။ 6အို ထာဝရဘုရား၊ ကောင်းကင်ဘုံတွင်ကိုယ်တော်ရှင်နှင့်အဘယ် သူ တူပါသနည်း။ အဘယ်ကောင်းကင်သားသည်ကိုယ်တော်ကို တုပြိုင်နိုင်ပါသနည်း။ 7ကိုယ်တော်ရှင်သည်သန့်ရှင်းသူတို့၏ကောင်စီတွင် ရိုသေလေးမြတ်ခြင်းကိုခံရပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားလွန်စွာ ကြောက်ရွံ့ရိုသေကြပါ၏။ 8အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ ကိုယ်တော်ရှင်ကဲ့သို့တန်ခိုးကြီးမားသူ မရှိပါ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ခပ်သိမ်းသောအမှုတို့တွင် သစ္စာရှိတော်မူပါ၏။ 9ကိုယ်တော်ရှင်သည်လှိုင်းကြီးသည့်ပင်လယ်ကို အစိုးရတော်မူ၍ ပြင်းထန်သောလှိုင်းတံပိုးတို့ကိုငြိမ်းစေတော်မူပါ။ 10ကိုယ်တော်ရှင်သည်ရာခပ် ကို ချေမှုန်းသတ်ဖြတ်ပစ်တော်မူပါ၏။ တန်ခိုးတော်ဖြင့်ကိုယ်တော်ရှင်၏ရန်သူတို့ကို နှိမ်နင်းတော်မူပါ၏။ 11ကမ္ဘာမြေကြီးကိုလည်းကောင်း၊မိုးကောင်းကင် ကိုလည်းကောင်းပိုင်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကမ္ဘာနှင့်ကမ္ဘာပေါ်တွင် ရှိသမျှသောအရာတို့ကိုဖန်ဆင်းတော်မူပါ၏။ 12ကိုယ်တော်ရှင်သည်မြောက်မျက်နှာနှင့် တောင်မျက်နှာကိုဖန်ဆင်းတော်မူပါ၏။ တာဗော်တောင်နှင့်ဟေရမုန်တောင်တို့သည် ကိုယ်တော်ရှင်အားရွှင်လန်းစွာထောမနာ ပြုကြပါ၏။ 13ကိုယ်တော်ရှင်သည်လွန်စွာတန်ခိုးကြီးတော်မူ ပါသည်တကား။ ကိုယ်တော်ရှင်၏ခွန်အားတော်သည်ကြီးမား လှပါသည်တကား။ 14ကိုယ်တော်ရှင်၏နိုင်ငံတော်သည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသမျှသော အမှုအရာတို့တွင်မေတ္တာတော်နှင့်သစ္စာတော် ပေါ်လွင်ထင်ရှားပါ၏။ 15သီချင်းဆို၍ကိုယ်တော်ရှင်အားကိုးကွယ် ဝတ်ပြုသော၊ ကိုယ်တော်ရှင်၏ကရုဏာတော်အလင်းတွင် ကျင်လည်သောသူတို့သည်အလွန်မင်္ဂလာ ရှိပါသည်တကား။ 16သူတို့သည်ကိုယ်တော်ရှင်ကိုအကြောင်းပြု၍ တစ်နေ့လုံးဝမ်းမြောက်ရွှင်မြူးလျက်နေကြပါ၏။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသဖြင့် သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။ 17ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အောင်ပွဲကြီးများခံစေတော်မူပါ၏။ မေတ္တာရှိတော်မူသဖြင့်ကျွန်တော်မျိုးတို့အား အနိုင်ရစေတော်မူပါ၏။ 18အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကွယ်ကာသောသူကိုရွေးချယ်ပေးတော် မူပါ၏။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ် တော်မူသောဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အတွက် ရှင်ဘုရင်ကိုခန့်ထားပေးတော်မူပါ၏။ 19လွန်လေပြီးသောအခါ၌ကိုယ်တော်ရှင်သည် သစ္စာရှိသူအစေခံများအား ဗျာဒိတ်ရူပါရုံတွင်``ထင်ရှားကျော်စောသူ စစ်သူရဲအားငါသည်ကူမတော်မူပြီ။ လူတို့အထဲမှရွေးချယ်ထားသူအားရာဇ ပလ္လင်ကို ငါအပ်နှင်းပြီ။ 20ငါ၏အစေခံဒါဝိဒ်ကိုဆီတော်ဖြင့်ဘိသိက် ပေး၍ ဘုရင်အဖြစ်ငါခန့်ထားပြီ။ 21သူသည်ငါ့ထံမှခွန်အားကိုအစဉ်အမြဲ ရရှိမည်။ ငါ၏တန်ခိုးအားဖြင့်သူ့အားစွမ်းသန် စေမည်။ 22သူ၏ရန်သူတို့သည်သူ့အပေါ်တွင်အဘယ် အခါ၌မျှ အနိုင်ရကြလိမ့်မည်မဟုတ်။ သူယုတ်မာတို့သည်သူ့ကိုနှိမ်နင်းနိုင် လိမ့်မည်မဟုတ်။ 23ငါသည်သူ၏ရန်သူများကိုချေမှုန်းပစ်မည်။ သူ့ကိုမုန်းသောသူအပေါင်းတို့အား သုတ်သင်ပစ်မည်။ 24ငါသည်သူ့အားအစဉ်ချစ်မြတ်နိုး၍သစ္စာ စောင့်မည်။ သူ့အားအစဉ်အောင်ပွဲခံစေမည်။ 25ငါသည်သူ၏တိုင်းနိုင်ငံကိုမြေထဲပင်လယ်မှ ဥဖရတ်မြစ်တိုင်အောင်ကျယ်ပြန့်စေမည်။ 26သူသည်ငါ့အား`ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အဖ၊ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးခိုလှုံရာ၊ကျွန်တော်မျိုး၏ကယ်တင်ရှင် ဖြစ်တော်မူပါ၏' ဟူ၍လျှောက်ထားလိမ့်မည်။ 27ငါသည်သူ့အားငါ၏သားဦးဖြစ်စေမည်။ ဘုန်းအကြီးဆုံးသောဘုရင်ဖြစ်စေမည်။ 28ငါသည်သူ့အားထားရှိသည့်ကတိသစ္စာကို အစဉ်တည်စေမည်။ ငါနှင့်သူပြုသောပဋိညာဉ်ကိုခိုင်မြဲစေမည်။ 29သူ၏တိုင်းနိုင်ငံသည်မိုးကောင်းကင်ကဲ့သို့ တည်မြဲလိမ့်မည်။ သူ၏သားမြေးများသည်အခါခပ်သိမ်းဘုရင် ဖြစ်ကြလိမ့်မည်။ 30``သို့ရာတွင်အကယ်၍သူ၏သားမြေးတို့သည် ငါ့တရားတော်ကိုပစ်ပယ်ကာငါ၏နည်း ဥပဒေကို မကျင့်သုံးလျှင်သော်လည်းကောင်း၊ 31ငါ၏ညွှန်ကြားချက်များကိုလျစ်လူရှု၍ ငါ၏ပညတ်တို့ကိုမစောင့်မထိန်းလျှင် သော်လည်းကောင်း 32ငါသည်သူတို့ပြုသည့်ဒုစရိုက်များအတွက် အပြစ်ပေးမည်။ သူတို့၏အမှားများအတွက်ဒဏ်ခတ်မည်။ 33သို့သော်ငါသည်ဒါဝိဒ်ကိုချစ်မြဲချစ်မည်။ သူ့အားငါထားသည့်ကတိတော်ကိုလည်း ဖျက်မည်မဟုတ်။ 34ငါသည်သူနှင့်ပြုခဲ့သည့်ပဋိညာဉ်ကို ပျက်ပြယ်စေမည်မဟုတ်။ သူ့အားပေးခဲ့သောကတိတော်တစ်ခုကိုမျှ ရုပ်သိမ်းမည်မဟုတ်။ 35``ငါသည်အဘယ်အခါ၌မျှဒါဝိဒ်အား လှည့်စား၍ မိန့်ဆိုမည်မဟုတ်ဟူ၍ သန့်ရှင်းမြင့်မြတ်သည့်ငါ့နာမကိုတိုင်တည်၍ တစ်ခါတည်းအပြီးအပိုင်ကတိပေးပြီ။ 36ဒါဝိဒ်၏မျိုးရိုးအဘယ်အခါ၌မျှမတိမ်ကောရ။ နေသည်ထွန်းလင်းလျက်နေသမျှကာလပတ်လုံး ငါသည်သူ၏ရာဇပလ္လင်ကိုတည်မြဲစေမည်။ 37သူ၏နိုင်ငံသည်မိုးကောင်းကင်တွင်တည်မြဲသော သက်သေဖြစ်သည့်လကဲ့သို့ အစဉ်အမြဲတည်လျက်နေလိမ့်မည်'' ဟု မိန့်တော်မူ၏။ 38သို့ရာတွင်ကိုယ်တော်ရှင်သည် မိမိဘိသိက်ပေးတော်မူသောဘုရင်ကို အမျက်ထွက်တော်မူပါ၏။ ကိုယ်တော်ရှင်သည်သူ့အားစွန့်ပစ်တော်မူပါပြီ။ သူ့အားပစ်ပယ်တော်မူပါပြီ။ 39ကိုယ်တော်ရှင်၏အစေခံနှင့်ပြုတော်မူခဲ့သော ပဋိညာဉ်တော်ကိုလည်းပယ်ဖျက်တော်မူပါပြီ။ သူ၏သရဖူကိုမြေသို့ချတော်မူပါပြီ။ 40သူ၏မြို့တော်တံတိုင်းများကိုချိုးဖျက်တော်မူ၍ သူ၏ခံတပ်များကိုဖြိုဖျက်တော်မူပါပြီ။ 41သူ၏အနီးမှဖြတ်သန်းသွားလာကြသူ အပေါင်းသည် သူ၏ဥစ္စာပစ္စည်းများကိုခိုးယူကြပါ၏။ အိမ်နီးချင်းအပေါင်းတို့သည်ပြောင်လှောင် ကြပါ၏။ 42ကိုယ်တော်ရှင်သည်သူ၏ရန်သူတို့အားအောင်ပွဲကို ခံစေတော်မူပါပြီ။ သူတို့အားလုံးကိုဝမ်းမြောက်ရွှင်လန်းစေတော် မူပါပြီ။ 43ကိုယ်တော်ရှင်သည်သူ၏ဋ္ဌားတို့ကိုတုံးစေတော် မူ၍ သူ့အားစစ်ပွဲတွင်အရေးရှုံးနိမ့်စေတော်မူ ပါပြီ။ 44ကိုယ်တော်ရှင်သည်သူ၏လှံတံတော်ကို ယူသိမ်းတော်မူ၍ သူ၏ရာဇပလ္လင်တော်ကိုမြေသို့ လဲကျစေတော်မူပါပြီ။ 45ကိုယ်တော်ရှင်သည်သူ့အားအချိန်မကျမီ အိုစေတော်မူ၍အရှက်တကွဲဖြစ်စေတော်မူပါပြီ။ 46အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုအစဉ်ပင် ဖုံးကွယ်၍ထားတော်မူပါမည်လော။ ကိုယ်တော်ရှင်၏အမျက်တော်သည်အဘယ်မျှ ကြာအောင်မီးကဲ့သို့တောက်လောင်၍ နေတော်မူပါမည်နည်း။ 47ကျွန်တော်မျိုး၏အသက်သည်အဘယ်မျှတိုကြောင်း အောက်မေ့သတိရတော်မူပါ။ ကိုယ်တော်ရှင်သည်သေမျိုးဖြစ်သော ကျွန်တော်မျိုးအပေါင်းတို့အားဖန်ဆင်းထား တော်မူသည်ကိုအောက်မေ့သတိရတော်မူပါ။ 48အဘယ်သူသည်မသေဘဲအစဉ်အသက်ရှင်၍ နေနိုင်ပါမည်နည်း။ လူသည်မိမိကိုယ်ကိုအဘယ်သို့လျှင် သင်္ချိုင်းတွင်းသို့မရောက်အောင်တားဆီးနိုင် ပါမည်နည်း။ 49အို ဘုရားသခင်၊ ယခင်ကဖော်ပြခဲ့သောကိုယ်တော်ရှင်၏ မေတ္တာတော်ကားအဘယ်မှာနည်း။ ဒါဝိဒ်အားကိုယ်တော်ရှင်ထားတော်မူသော ကတိတော်များကားအဘယ်မှာနည်း။ 50ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးသည် အဘယ်သို့ အစော်ကားခံရသည်ကိုလည်းကောင်း၊ ဘုရားမဲ့သူတို့၏ကျိန်ဆဲခြင်းများကို အဘယ်သို့ကျွန်တော်မျိုးခံရသည်ကို လည်းကောင်း မေ့တော်မမူပါနှင့်။ 51အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ရွေးချယ်သောဘုရင်ကို ကိုယ်တော်ရှင်၏ရန်သူတို့သည်စော်ကားကြ ပါသည်တကား။ သူတို့သည်သူ့အားသွားလေရာရာတွင် စော်ကားကြပါ၏။ 52ထာဝရဘုရားအားကာလအစဉ်အဆက် ထောမနာပြုကြကုန်လော့။ အာမင်၊ အာမင်။