တောလည်ရာကျမ်း 2
1ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား အောက်ပါညွှန်ကြားချက်များကိုပေးတော်မူ၏။- 2ဣသရေလအမျိုးသားတို့သည်စခန်းချသောအခါ လူတိုင်းမိမိတပ်နှင့်ဆိုင်သောအလံနှင့် မိမိသားချင်းစုနှင့်ဆိုင်သောအလံအနီးတွင်နေရာယူရမည်။ ဣသရေလအမျိုးသားတို့သည်တဲတော်ပတ်လည်တွင်စခန်းချရမည်။ 3အရှေ့ဘက်မျက်နှာတွင် ယုဒတပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ယုဒ အမိနဒပ်၏သားနာရှုန် ၇၄၆၀၀ ဣသခါ ဇုအာ၏သားနာသနေလ ၅၄၄၀၀ ဇာဗုလုန် ဟေလုန်၏သားဧလျာဘ ၅၇၄၀၀ စုစုပေါင်း ၁၈၆၄၀၀ ယုဒတပ်သည်ရှေ့ဆုံးမှချီတက်ရမည်။ 10တောင်ဘက်မျက်နှာတွင်ရုဗင်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ရုဗင် ရှေဒုရ၏သားဧလိဇုရ ၄၆၅၀၀ ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ၅၉၃၀၀ ဂဒ် ဒွေလ၏သားဧလျာသပ် ၄၅၆၅၀ စုစုပေါင်း ၁၅၁၄၅၀ ရုဗင်တပ်သည်ဒုတိယနေရာမှလိုက်၍ချီတက်ရမည်။ 17အရှေ့မှချီတက်သောတပ်နှစ်တပ်နှင့်အနောက်မှ ချီတက်သောတပ်နှစ်တပ်တို့၏အကြားတွင် လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုသယ်ဆောင်၍ချီတက်ရကြမည်။ တပ်တစ်တပ်စီသည်စခန်းချသည့်အခါ မိမိတို့အလံအနီးတွင်နေရာယူသည့်အစီအစဉ်အတိုင်းချီတက်ရမည်။ 18အနောက်ဘက်မျက်နှာတွင်ဧဖရိမ်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ ၄၀၅၀၀ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ၃၂၂၀၀ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ၃၅၄၀၀ စုစုပေါင်း ၁၀၈၁၀၀ ဧဖရိမ်တပ်သည်တတိယနေရာမှလိုက်၍ချီတက်ရမည်။- 25မြောက်ဘက်မျက်နှာတွင်ဒန်၏တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ ၆၂၇၀၀ အာရှာ သြကရန်၏သားပါဂျေလ ၄၁၅၀၀ နဿလိ ဧနန်၏သားအဟိရ ၅၃၄၀၀ စုစုပေါင်း ၁၅၇၆၀၀ ဒန်၏တပ်သည်နောက်ဆုံးနေရာမှလိုက်၍ချီတက်ရမည်။ 32ဣသရေလအမျိုးသားတို့၏တပ်အလိုက်နှင့်သားချင်းစုအလိုက်လူဦးရေစာရင်းစုစုပေါင်းမှာခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ယောက်ဖြစ်သည်။- 33ထာဝရဘုရားသည်မောရှေအားမိန့်မှာတော်မူသည့်အတိုင်း လေဝိအနွယ်ဝင်တို့ကိုစာရင်းကောက်၍မှတ်တမ်းတင်ထားခြင်းမရှိချေ။ 34ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းဆောင်ရွက်ကြ၏။ သူတို့သည်မိမိတို့နှင့်သက်ဆိုင်ရာအလံအနီးတွင်စခန်းချကြ၏။ ချီတက်သည့်အခါသားချင်းစုအလိုက်ချီတက်ကြ၏။