ယေရမိအနာဂတ္တိကျမ်း 22
1ထာဝရဘုရားသည်ငါ့အားယုဒနန်းတော် သို့သွား၍ ဒါဝိဒ်မင်း၏သားမြေးများ၊ ယုဒ ရှင်ဘုရင်မင်းကြီးနှင့်အတူသူ၏မှူးမတ် များနှင့်ယေရုရှလင်မြို့သူမြို့သားများ အားပြောကြားရန် ဤသို့မိန့်တော်မူသည်မှာ၊- 3`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။- 4သင်တို့သည်ငါပညတ်တော်မူသည့်အ တိုင်းအကယ်ပင်လိုက်လျှောက်ပြုကျင့်ကြ မည်ဆိုပါမူ ဒါဝိဒ်မင်း၏ရာဇပလ္လင်တွင် ထိုင်လျက်ရှိသောဘုရင်တို့သည် ဆက်လက် ၍မင်းပြုရကြလိမ့်မည်။ ထို့ပြင်သူတို့ သည်မိမိတို့၏မှူးမတ်များ၊ ပြည်သူများ နှင့်အတူမြင်းရထားများ၊ မြင်းများကို စီး၍ဤနန်းတော်ဝင်းတံခါးများကို ဝင်ထွက်သွားလာရကြလိမ့်မည်။- 5သို့ရာတွင်အကယ်၍သင်တို့သည်ငါ၏ စကားကိုနားမထောင်ကြပါမူ ဤနန်း တော်သည်ယိုယွင်းပျက်စီး၍သွားလိမ့်မည် ဖြစ်ကြောင်းသင်တို့အားကျိန်ဆိုပြောကြား ၏။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏ဟုမိန့်တော်မူ၏။ 6``ငါ၏အဖို့ယုဒဘုရင်၏နန်းတော်သည် ဂိလဒ်ကဲ့သို့လည်းကောင်း၊ လေဗနုန်တောင် ထိပ်ကဲ့သို့လည်းကောင်းလှပတင့်တယ်သော် လည်း ငါသည်ထိုအရပ်ကိုလူသူဆိတ် ငြိမ်ရာသဲကန္တာရဖြစ်စေမည်။ 7ထိုနန်းတော်ကိုဖြိုဖျက်ရန် လူများကိုငါ စေလွှတ်မည်။ သူတို့သည်ပုဆိန်များကိုယူ ဆောင်လာပြီးလျှင် လှပသည့်အာရစ်တိုင် ကြီးများကိုခုတ်လှဲ၍မီးထဲသို့ပစ်ချ ကြလိမ့်မည်။ 8``ထိုနောက်လူမျိုးခြားအများပင် အနီးမှ ဖြတ်သန်းသွားလာကြလျက် ဤမြို့တော် ကြီးကိုအဘယ်ကြောင့်ငါထာဝရဘုရား ဤသို့ဖြိုဖျက်စေတော်မူရကြောင်းကို သူ တို့အချင်းချင်းမေးမြန်းကြလိမ့်မည်။- 9သင်တို့သည်မိမိတို့ဘုရားသခင်တည်းဟူ သော ငါနှင့်ပြုခဲ့သည့်ပဋိညာဉ်တော်ကိုစွန့် ပစ်၍ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်ကြသဖြင့် ဤသို့ဖြစ်ရကြောင်းကို လည်းအချင်းချင်းပြန်လည်ပြောကြား ကြလိမ့်မည်။ 10ယုဒပြည်သူတို့၊ယောရှိမင်းအတွက်သင်တို့ မငိုကြွေးကြနှင့်။ သူကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေးမှု မပြုကြနှင့်။ သို့ရာတွင်သူ၏သားတော်ယောခတ်အတွက် ပြင်းပြစွာငိုကြွေးကြလော့။ ရန်သူတို့သည်သူ့အားအပြီးအပိုင် ခေါ်ဆောင်သွားကြလိမ့်မည်။ သူသည်မိမိမွေးဖွားရာအရပ်ကို နောင်အဘယ်အခါ၌မျှပြန်လည်တွေ့မြင် ရတော့မည်မဟုတ်။ 11ယုဒဘုရင်အဖြစ်ခမည်းတော်ယောရှိ၏ အရိုက်အရာကိုဆက်ခံသူ သားတော်ယော ခတ်အကြောင်းနှင့်ပတ်သက်၍ ထာဝရဘုရား က``သူသည်ဤအရပ်မှအပြီးအပိုင်ထွက် ခွာသွားလေပြီ။- 12သူသည်ရန်သူတို့ခေါ်ဆောင်သွားသည့်ပြည် ၌ပင်ကွယ်လွန်ရလိမ့်မည်။ နောင်အဘယ်အခါ ၌မျှဤပြည်ကိုပြန်လည်တွေ့မြင်ရတော့ မည်မဟုတ်'' ဟုမိန့်တော်မူ၏။ 13``မိမိအိမ်ကိုမတရားသောနည်းဖြင့်လည်း ကောင်း၊ မိမိ၏အထက်ခန်းများကိုမရိုးဖြောင့်သော နည်းဖြင့်လည်းကောင်း၊တည်ဆောက်ကာ၊ မိမိ၏အိမ်နီးချင်းများအားအခမဲ့စေ စားသူ၊ သူတို့၏လုပ်အားခများကိုမပေးဘဲနေ သူသည် အမင်္ဂလာရှိ၏။ 14အထက်ထပ်တွင်အခန်းကျယ်ကြီးများနှင့် ငါသည်မိမိအတွက်နန်းတော်ကြီး တစ်ဆောင်ကို၊ တည်ဆောက်အံ့ဟုဆိုသောသူသည်အမင်္ဂလာ ရှိ၏။ သူသည်ထိုသို့ဆိုပြီးလျှင်မိမိအိမ်တွင် ပြူတင်းပေါက်များကိုဖောက်၏။ အာရဇ်သားမှန်ပုံများကိုတပ်၍အနီရောင် ဆေးကိုသုတ်၏။ 15သူတစ်ပါးတို့၏အိမ်ထက်ပိုမိုခမ်းနား အောင် အာရစ်သားဖြင့်အိမ်များကိုတည်ဆောက် နိုင်ခြင်းကြောင့်၊ သင်သည်ပို၍ကောင်းသောမင်းဖြစ်ပါသလော။ သင်၏ခမည်းတော်သည်ပျော်ရွှင်စွာနေထိုင် လျက် အစဉ်ဖြောင့်မတ်၍တရားမျှတ၏။ သူပြုလေသမျှသောအမှုတို့တွင်အောင် မြင်လေသည်။ 16သူသည်ဆင်းရဲချို့တဲ့သူတို့၏အမှုကိုတရား မျှတစွာစီရင်ဆုံးဖြတ်သည်ဖြစ်၍ အစစအရာရာအဆင်ပြေလျက်ရှိ၏။ ဤကားထာဝရဘုရားကိုသိကျွမ်းရခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်လေသည်။ 17``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။'' 18သို့ဖြစ်၍ယောရှိ၏သားယုဒဘုရင် ယောယကိမ်နှင့်ပတ်သက်၍ ထာဝရဘုရားကမိန့်တော်မူသည်မှာ ``သူကွယ်လွန်သောအခါ၌ဘယ်သူမျှ ဝမ်းနည်း ပူဆွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ `အို ဖြစ်ရလေခြင်း၊အဆွေတော်၊ ဖြစ်မှဖြစ်ရလေခြင်း' ဟူ၍ အဘယ်သူမျှမြည်တမ်းကြလိမ့်မည်မဟုတ်။ သူ၏အတွက်အဘယ်သူမျှငိုကြွေးမှုကို သော်လည်းကောင်း၊ အို အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရင်ဟု မြည်တမ်းမှု ကိုသော်လည်းကောင်းပြုကြလိမ့်မည်မဟုတ်။ 19မြည်းသေကိုမသာချသကဲ့သို့သူ့အားဆွဲယူ သွားကာ ယေရုရှလင်မြို့တံခါးပြင်သို့ပစ်ထုတ်လိုက်ကြ လိမ့်မည်'' ဟူ၍ဖြစ်သည်။ 20ယေရုရှလင်မြို့သားတို့၊သင်တို့၏မဟာမိတ် များသည် အရေးရှုံးနိမ့်ကြလေပြီ။ သို့ဖြစ်၍သင်တို့သည်လေဗနုန်တောင်ထိပ်သို့ တက်၍ ကြွေးကြော်ကြလော့။ ဗာရှန်ပြည်သို့သွား၍အော်ဟစ်ကြလော့။ မောဘပြည်တောင်များပေါ်မှအသံကို လွှင့်လော့။ 21သင်တို့ကောင်းစားစဉ်အခါကထာဝရ ဘုရားသည် သင်တို့အားသတိပေးခဲ့၏။ သို့ရာတွင်သင်တို့သည်နားမထောင်ခဲ့ကြ။ သင်တို့သည်ငယ်စဉ်အခါမှစ၍ဤ အတိုင်းပင် ပြုခဲ့ကြ၏။ ထာဝရဘုရား၏စကားကိုအဘယ်အခါ၌မျှ နားမထောင်လိုကြ။ 22သင်တို့၏ခေါင်းဆောင်များသည်လေတွင်လွင့်၍ ပါသွားကြလိမ့်မည်။ သင်တို့၏မဟာမိတ်များသည်စစ်သုံ့ပန်းများ အဖြစ် အဖမ်းခံရကြလိမ့်မည်။ သင်တို့ပြုကျင့်ခဲ့သည့်မကောင်းမှုများအတွက် သင်တို့၏မြို့သည်အသရေပျက်၍ အရှက်ကွဲရလိမ့်မည်။ 23သင်တို့သည်လေဗနုန်တောမှယူဆောင်လာ သည့် အာရစ်ပင်များ၏အလယ်တွင်ဘေးမဲ့လုံခြုံစွာ နေထိုင်လျက်ရှိကြ၏။ သို့ရာတွင်သားဖွားသောအမျိုးသမီးကဲ့သို့ ဝေဒနာခံရကြသောအခါ သင်တို့သည်အဘယ်မျှသနားစရာ ကောင်းလိမ့်မည်နည်း။ 24ထာဝရဘုရားသည် ယောယကိမ်၏သားယုဒ ဘုရင်ယေခေါနိအား``အကယ်၍သင်သည်ငါ ၏လက်ယာလက်တွင်ရှိသောတံဆိပ်လက်စွပ်ပင် ဖြစ်စေကာမူ ငါသည်အသက်ရှင်တော်မူသော ဘုရားဖြစ်သည်နှင့်အညီသင့်ကိုဆွဲချ၍၊- 25သင်၏အသက်ကိုသတ်လိုသူများ၊ သင် ကြောက်ရွံ့သူများ၏လက်သို့ပေးအပ်မည်။ သင့်ကိုဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ မင်းနှင့်သူ၏စစ်သည်များ၏လက်သို့ငါ ပေးအပ်မည်။- 26ငါသည်သင်နှင့်သင်၏မယ်တော်အား သင်တို့ မွေးဖွားရာဌာနမဟုတ်သည့်ပြည်သို့နှင် ထုတ်မည်။ သင်တို့သည်ထိုပြည်တွင်သေရ ကြလိမ့်မည်။- 27မိမိတို့မျှော်မှန်းတမ်းတသည့်ပြည်သို့ နောင်အဘယ်အခါ၌မျှပြန်လာရကြ လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ 28ယေရမိက``ယေခေါနိသည် အဘယ်သူမျှ အလိုမရှိ၍စွန့်ပစ်လိုက်သော အိုးကွဲကဲ့ သို့ဖြစ်၍နေပါပြီလော။ ထိုကြောင့်သူနှင့် သူ၏သားသမီးများသည် မိမိတို့မသိ ဘူးသည့်ပြည်သို့အနှင်ခံရကြပါ သလော။'' 29အို ပြည်တော်၊ အို ပြည်တော်၊ အို ပြည်တော်၊ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် လော့။ 30``ဤသူသည်သားမဲ့သမီးမဲ့သူဟူ၍ အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီ။ အဘယ်အခါ၌မျှမအောင်မြင်သူဟူ၍ဖြစ် လိမ့်မည်။ ဒါဝိဒ်မင်းကိုဆက်ခံရန်ယုဒပြည်တွင်စိုးစံ နိုင်မည့် သားမြေးများကိုမရရှိနိုင်ဖြစ်ရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကား ဖြစ်၏'' ဟုမိန့်တော်မူလေပြီ။